ကျွန်ုပ်တို့အကြောင်း
မြန်မာနိုင်ငံအတွင်းမှ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော၊ အားလုံးပူးပေါင်းပါဝင်သော၊ ရေရှည်တည်တံ့သော ရပ်ရွာလူထုအဖွဲ့အစည်းများအတွက် ဒေသခံများ၏ ခေါင်းဆောင်မှု။

အဖွဲ့အစည်း တည်ထောင်သူ၏ သဝဏ်လွှာ

 

မျှော်လင့်ချက်နှင့် အလင်းရောင်ဖြင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိသော အနာဂတ်ဆီသို့

ကျွန်ုပ်တို့ ဘဝအလင်းဖွံ့ဖြိုးရေးအသင်းကို စတင်တည်ထောင်ခဲ့တဲ့အချိန်မှာ ကျွန်ုပ်တို့ဟာ ရိုးရှင်းသော်လည်း အလွန်အရေးပါတဲ့ ယုံကြည်ချက်တစ်ခုအပေါ်မှာ အခြေခံထားခဲ့ပါတယ်။ ထိုယုံကြည်ချက်ကတော့ "လူတစ်ဦးချင်းစီနဲ့ ရပ်ရွာလူထုအဖွဲ့တိုင်းဟာ ဂုဏ်သိက္ခာရှိစွာ၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင်နဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ထားနိုင်ခွင့်ကို ရရှိထိုက်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

 

ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းရဲ့ လုပ်ငန်းတွေမှာ အဓိကအခြေခံထားတဲ့ ဒဿနကတော့ “ဘဝအလင်း” ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဒေသန္တရဘာသာ စကားမှ ဆင်းသက်လာတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ “ဘဝအလင်း”ဆိုတဲ့ အသုံးအနှုန်းဟာ မျှော်လင့်ချက်၊ အခွင့်အလမ်းနဲ့ အပြုသဘောဆောင်တဲ့  ပြောင်းလဲတိုးတက်မှုတွေကို ကိုယ်စားပြုပါတယ်။

 

အမှောင်ထုအတွင်းမှာ အလင်းရောင်ခြည်တစ်ခုက ရှေ့ဆက်လျှောက်လှမ်းရမည့်လမ်းကို ထွန်းလင်းပြသပေးနိုင်သလို အခက်အခဲဆုံးအခြေအနေတွေမှာလည်း မျှော်လင့်ချက်အလင်းရောင်ဟာ လူတစ်ဦးချင်းစီနဲ့ ရပ်ရွာလူထုအဖွဲ့တွေကို ခွန်အားဖြစ်စေနိုင်ပြီး အခွင့်အလမ်းသစ်တွေကို ရှာဖွေဖော်ထုတ်တွေ့ရှိကာ ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်စေတယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။

 

ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး အားလုံးပါဝင်နိုင်တဲ့ သဟဇာတဖြစ်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို တစ်ဦးတစ်ယောက် တည်းရဲ့ အားထုတ်မှုနဲ့ တည်ဆောက်နိုင်လို့ မရနိုင်ပါ။ လူအချင်းချင်း အပြန်အလှန်ပံ့ပိုးကူညီကြခြင်း၊ ရပ်ရွာလူထုအဖွဲ့တွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးခြင်းနဲ့ ဒေသတွင်းစွမ်းဆောင်ရည်တွေကို အားပေးမြှင့်တင်ခြင်းတွေကနေ ဖွံ့ဖြိုးလာနိုင်ပါတယ်။ စာနာနားလည်မှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ မျှဝေတာဝန်ယူမှု တွေကို အခြေခံပြီး သေးငယ်တဲ့  မျှော်လင့်ချက်အလင်းရောင်တွေ စုပေါင်းပြီး ရေရှည်တည်တံ့တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ပြောင်းလဲတိုးတက်မှုများကို ဖန်တီးပေးနိုင်ပါတယ်။

 

ဖွံ့ဖြိုးရေးခရီးလမ်းမှာ ကျွန်ုပ်တို့လေ့လာသင်ယူခဲ့ရတာကတော့ စစ်မှန်တဲ့ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုတာ လတ်တလောလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံနဲ့ မလုံလောက်ဘူးဆိုတာ သိရှိနားလည်လာခဲ့ပါတယ်။ အမှန်တကယ် အရေးကြီးတာကတော့ ထိခိုက်လွယ်ပြီး ဘေးဖယ်ခံထားရတဲ့ ရပ်ရွာလူထုအဖွဲ့တွေနဲ့အတူ လက်တွဲရပ်တည်ပေးတာ၊ ၎င်းတို့ရဲ့အသံကို အလေးထားနားထောင်ပေးတာ၊ သူတို့ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို မြှင့်တင်ပေးတာ၊ ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ ရပ်ရွာလူထုဦးဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အခွင့်အလမ်းများ ဖန်တီးပေးတာတွေ ဖြစ်ပါတယ်။

 

ယနေ့အချိန်ထိ ဘဝအလင်းဖွံ့ဖြိုးရေးအသင်းဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်တာ၊ ရပ်ရွာလူထုရဲ့ကြံ့ကြံ့ခံနိုင်စွမ်းကို အားဖြည့်ပေးတာနဲ့ အားလုံးပါဝင်နိုင်တဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင်တာတွေအတွက် ဆက်လက်ကတိကဝတ်ပြုထားပါတယ်။ “ဘဝအလင်း”ဆိုတဲ့ အနှစ်သာရကို လမ်းညွှန်အဖြစ်ခံယူပြီး သူတို့ရဲ့ အနာဂတ်ကို ဂုဏ်သိက္ခာ၊ ယုံကြည်မှုနှင့် မျှော်လင့်ချက်တွေနဲ့ ကိုယ်တိုင်ပုံဖော်တည်ဆောက်နေကြတဲ့ ရပ်ရွာလူထုအဖွဲ့တွေကို ထောက်ပံ့ပေးပြီး အားပေးကူညီမှုနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာစေဖို့ ကျွန်ုပ်တို့ ရည်ရွယ်ထားပါတယ်။

 

လူတိုင်းရဲ့ဘဝမှာ အလားအလာကောင်းတွေ ရှိနေပြီး ရပ်ရွာလူထုအဖွဲ့တိုင်းမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိတယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ မျှော်လင့်ချက် အလင်းရောင်ခြည်တိုင်းဟာလည်း ပိုမိုတောက်ပပြီး သဟဇာတဖြစ်တဲ့ အနာဂတ်တစ်ခုကို ဖန်တီးနိုင်ဖို့ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။

 

ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေတဲ့ ရပ်ရွာလူထုအဖွဲ့တွေအတွက် မျှော်လင့်ချက်နဲ့ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကို ယူဆောင်လာပေးတဲ့ အလင်းရောင်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ဖို့၊ ဒီခရီးလမ်းတစ်လျှောက်မှာ ကျွန်ုပ်တို့နဲ့အတူ လျှောက်လှမ်းပေးကြတဲ့အတွက် ပူးပေါင်းပါဝင်ကူညီသူတွေကို ကျေးဇူးတင်ပါတယ်။

ကျွန်ုပ်တို့အကြောင်း

ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းသည် ထိခိုက်လွယ်ပြီး ဘေးဖယ်ခံထားရသော ရပ်ရွာလူထု အဖွဲ့များအား ဂုဏ်သိက္ခာနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုတို့ဖြင့် နေထိုင်နိုင်စေရန်အတွက် လုပ်ပိုင်ခွင့်အာဏာပေးရန် ရည်ရွယ်ထားသော မြန်မာနိုင်ငံမှ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

 

၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းသည် ဒေသတွင်း စွမ်းဆောင်ရည်များကို အားကောင်းစေရန်၊ ညှိနှိုင်းလုပ်ဆောင်မှုကို မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော ရပ်ရွာလူထုဦးဆောင်သော ဖြေရှင်းချက်များကို ပံ့ပိုးပေးသည့် လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေးနှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပေးနေပါသည်။ ကျွန်ုပ်တို့၏လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ရွာလူထုဖွံ့ဖြိုးရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကူညီမှု၊ သုတေသန၊ လေ့ကျင့်ရေးနှင့် တန်ဖိုးကွင်းဆက်ပံ့ပိုးမှု နယ်ပယ်များတွင် စုပေါင်းလုပ်ငန်းအတွေ့အကြုံ အနှစ် ၂၀ ကျော်ရှိသော အတွေ့အကြုံရင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့ က လမ်းညွှန်ပံ့ပိုးပေးလျက်ရှိပါသည်။

 

စတင်တည်ထောင်ချိန်မှစ၍ ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းသည် အားလုံးပါဝင်နိုင်သော၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော၊ ရေရှည်တည်တံ့သော လူမှုအဖွဲ့အစည်းများတည်ဆောက်ရန် ရပ်ရွာလူထုအဖွဲ့များ၊ မိတ်ဖက်အဖွဲ့များနှင့် ဒေသခံ ပတ်သက်ဆက်နွယ်သူများနှင့်အတူ လက်တွဲလုပ်ဆောင်နေသော ယုံကြည်စိတ်ချရသော ဒေသခံအဖွဲ့အစည်းတစ်ခုအဖြစ် ကြီးထွားလာခဲ့ပါသည်။

 

ယနေ့အချိန်အထိ...

စုစုပေါင်း ဦးတည်ထားသော အကျိုးခံစားခွင့်ရှိသူပေါင်း ၁၁၃၀၀၀ ကျော်ထံ အကူအညီရောက်ရှိစေရန် ကြိုးစားနေပြီး

စီမံကိန်း ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၈ သန်းကျော် စီမံခန့်ခွဲကာ အဓိကမြို့နယ် တစ်ဆယ့်ငါးမြို့နယ်တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ဦးဆောင်သူများနှင့် စီမံအုပ်ချုပ်သူများ

ဒေါ်သီတာထွန်း

ညွှန်ကြားရေးမှူး

ဒေါ်သီတာထွန်းသည် ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းတွင် နိုင်ငံလုံးဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့် အဖွဲ့အစည်းဆိုင်ရာ ဦးဆောင်မှုနယ်ပယ်များတွင် လုပ်ငန်းအတွေ့အကြုံ ၂၅ နှစ်ကျော်ရှိသူဖြစ်သည်။ Karen Women Empowerment Group တွင် Programme Manager၊ World Vision Myanmar တွင် Integrated Field Team Coordinator နှင့် Community Development Facilitator အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ထိခိုက်လွယ်သော လူမှုအသိုက်အဝန်းများအတွက် စီမံကိန်းများကို ဦးဆောင်ဆောင်ရွက်ခဲ့ပြီး ဘဝအလင်း ဖွံ့ဖြိုးရေးအသင်း၏ မဟာဗျူဟာဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကူညီရေးလုပ်ငန်းများကို ဦးဆောင်လျက်ရှိသည်။

ဒေါ်နွယ်လင်းတင်

အစီအစဉ်များ ဌာနခေါင်းဆောင်

ဒေါ်နွယ်လင်းတင်သည် ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းတွင် ပရိုဂရမ်များ၏ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းလုပ်ငန်းများတွင် အနှစ် ၂၀ ကျော် လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်သည်။ World Vision International Myanmar တွင် အနှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး Community Development Officer၊ Integrated Field Team Coordinator နှင့် Area Programme Manager ရာထူးများတွင် လုပ်ကိုင်ခဲ့သည်။ ရပ်ရွာလူထုဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး၊ စောင့်ကြည့်လေ့လာအကဲဖြတ်ရေး၊ အဖွဲ့လိုက်စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးတို့တွင် ကျွမ်းကျင်မှုရှိသည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (Master of Public Administration) ရရှိထားသည်။

ဦးသန်းလှိုင်ဦး

မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု တာဝန်ခံ

ဦးသန်းလှိုင်ဦးသည် ဘဝအလင်း ဖွံ့ဖြိုးရေး အသင်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး၊ စီမံကိန်းအဆိုပြုလွှာရေးသားရေး၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် အတွေ့အကြုံ အနှစ် ၂၀ ကျော်ရှိသူဖြစ်ပြီး CBT ၊ CST ၊ AAP ၊ Safeguarding/PSEAH နှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး (OD) ဆိုင်ရာ သင်တန်းပို့ချသူနှင့် သုတေသီတစ်ဦးလည်း ဖြစ်သည်။ UNICEF ၊ UNFPA/UNOCHA ၊ DRC ၊ FCA ၊ ACTED၊ WaterAid နှင့် ActionAid အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအန်ဂျီအိုများနှင့် ပြည်တွင်းအဖွဲ့အစည်းများအတွက် နည်းပညာဆိုင်ရာ အကြံပေးခြင်း၊ သင်တန်းပို့ချခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ခဲ့သည်။ ကျေးလက်နှင့် ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားစီးပွားရေးလုပ်ငန်းများ ဖန်တီးဖော်ဆောင်ရေးနှင့် ဒေသတွင်းစီးပွားရေး အားကောင်းလာစေရေးတို့ကို အထူးစိတ်ဝင်စားသူဖြစ်သည်။ Development Management ဘာသာရပ်ဖြင့် မဟာဘွဲ့ ရရှိထားသည်။

 

ဦးရဲဝင်းထွန်း

အကြံပေး

ဦးရဲဝင်းထွန်းသည် ဘဝအလင်းဖွံ့ဖြိုးရေးအသင်းတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကူညီရေး၊ စီမံကိန်းဦးဆောင်မှု၊ လုပ်ငန်းလည်ပတ်မှု စီမံခန့်ခွဲရေးနှင့် ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်များတွင် အနှစ် ၂၀ ကျော် လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်သည်။ World Concern Myanmar၊ Habitat for Humanity Myanmar နှင့် World Vision Myanmar တို့တွင် အဆင့်မြင့်စီမံခန့်ခွဲမှုနှင့် စီမံကိန်းဆိုင်ရာ တာဝန်များ ထမ်းဆောင်ခဲ့သည်။ အရေးပေါ်တုံ့ပြန်ကူညီရေး၊ အစိုးရနှင့် အလှူရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ ဘဏ္ဍာရေးကြီးကြပ်စီမံမှုနှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ကျွမ်းကျင်မှုရှိသည်။ မန္တလေးတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (EMPA) နှင့် နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ (MPols) တို့ကို ရရှိထားသည်။

ဦးစောအက်တူး

ဘဏ္ဍာရေးဌာနခေါင်းဆောင်

ဦးစောအက်တူးသည် ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းတွင် ဘဏ္ဍာရေးဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းများတွင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနှစ် ၂၀ ကျော်ရှိသူဖြစ်သည်။ Myanmar Health Assistant Association၊ World Vision International Myanmar နှင့် International Rescue Committee တို့တွင် ဘဏ္ဍာရေးဆိုင်ရာ တာဝန်များ ထမ်းဆောင်ခဲ့သည်။ ဘဏ္ဍာရေးစီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲစီမံခန့်ခွဲခြင်း၊ အလှူရှင်သတ်မှတ်ချက်များနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စာရင်းစစ်ဆေးခြင်း၊ ဘဏ္ဍာရေးအစီရင်ခံခြင်း၊ အတွင်းပိုင်းထိန်းချုပ်မှု၊ ဝယ်ယူရေးနှင့် ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးတို့တွင် ကျွမ်းကျင်မှုရှိသည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့ (B.Com) ရရှိထားသည်။

ဦးမိုးသူ

အကြံပေး

ဦးမိုးသူသည် ဘဝအလင်းဖွံ့ဖြိုးရေးအသင်းတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကူညီရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်များတွင် အနှစ် ၂၀ ကျော် လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်သည်။ ၁၉၉၈ ခုနှစ်မှစ၍ World Vision Myanmar တွင် Humanitarian and Emergency Affairs Director နှင့် Disaster Response Department Manager အပါအဝင် တာဝန်များ ထမ်းဆောင်ခဲ့ပြီး Cyclone Nargis ကာလအတွင်း ကွင်းဆင်းလုပ်ငန်းနှင့် လုပ်ငန်းလည်ပတ်မှုများကို စီမံခန့်ခွဲခဲ့သည်။ ထို့အပြင် Myanmar Institute of Theology တွင် စီမံကိန်းရေးဆွဲခြင်း၊ စီမံကိန်းစီမံခန့်ခွဲမှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိသည်။ Development Studies နှင့် Christian Studies ဘာသာရပ်များတွင် မဟာဘွဲ့များ ရရှိထားသည်။

ဒေါ်နော်မာသောဃေး

အကြံပေး

နိုင်ငံရေးလေ့လာမှုဘာသာရပ်ဖြင့် မဟာဘွဲ့ (M.A.) နှင့် ရူပဗေဒသိပ္ပံဘွဲ့ (B.Sc.) ရရှိထားသူဖြစ်သည်။ အသင်းအဖွဲ့ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် World Vision ၌ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နည်းပညာအကြံပေးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဒေါ်ခိုင်ခိုင်ထွန်း

အကြံပေး

ဒေါ်ခိုင်ခိုင်ထွန်းသည် ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံများစွာရှိသူဖြစ်သည်။ World Vision တွင် ချောက်မြို့နယ်အဖွဲ့ခေါင်းဆောင်နှင့် တံတားဦးဒေသဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ကျွန်ုပ်တို့နှင့် ပူးပေါင်းလုပ်ဆောင်ရန်

ဒေသခံများ၏ ဦးဆောင်မှုနှင့် ရပ်ရွာလူထုအခြေပြု လုပ်ငန်းဆောင်ရွက်မှုများမှတစ်ဆင့် အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လိုက်ပါ။

 

 

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

အီးမေးလ် -  info@life-dev.org

ဝဘ်ဆိုက် -  www.life-dev.org